Friday, August 14, 2020

ဗမာ့ ပိုနိုဂရပ်ဖီ စာပေ (Pornography) - မြန်မာ့အပြာစာပေသမိုင်း

ဗမာ့ ပိုနိုဂရပ်ဖီ စာပေ (Pornography) - မြန်မာ့အပြာစာပေသမိုင်း

(ဗမာ့ အောစာများအုပ်များသမိုင်း)

(အချီး)

ဒီအကြောင်းက မကြာသေးမီ ရက်ပိုင်းတုန်းကမှကျနော့် ဖေ့စ်ဘုတ်အကောင့်မှာ ရေးပြီးသား အကြောင်းအရာတခု ဖြစ်ပါတယ်၊ သို့သော် အနည်းငယ်အသစ်ထပ်မံဖြည့်စွက်ပြီးတော့ ယခုတခါ ပေ့ဂ်ျကမိတ်ဆွေများဖတ်ရှူလို့ရအောင် ပြန်လည်တင်ပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်၊ ဒါတင်ပြီးရင်လည်းနောက်ဆက်တွဲ အနေနဲ့ နောက်ရက်များမှာ ညစ်ညမ်းစာပေနဲ့ ပတ်သတ်ပြီးတော့ ရေးသားပြီးသားဆောင်းပါးကိုပဲ ဖြည့်စွက်ချက်တွေနဲ့ အပ်ဒိတ်လုပ်ကာ ဒီပေ့ဂ်ျကနေပဲ တင်ပေးပါအုံးမယ်၊ မိတ်ဆွေများအားလုံး ကိုရိုနာ ဝါတွင်းကာလဝယ် အိမ်တွင်းပုန်းပြီး အကျိုးရှိစွာအချိန်များကို ကုန်လွန်စွာဖြတ်သန်းနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့လိုက်ရပါသည်။

.............................................................................................

အခန်း (၁)

ဗမာပြည်မှာ အောစာအုပ်တွေ ဘယ်နှခုနှစ်လောက်က စတင် ထွန်းကားပေါ်ပေါက်လာခဲ့ပါသလဲ ဆိုတဲ့ မေးခွန်းက အတော့်ကို အဖြေရခက်စေတဲ့ မေးခွန်းပါ၊ ဘာလို့ဆို ကျနော်တို့ နိုင်ငံက အလုံးစုံ အဘက်ဘက်မှာ နိမ့်ကျတဲ့အတိုင်း စာပေသုတေသန ဘက်မှာလည်း ဇေယျ၊ငွေဥဒေါင်း၊ဦးမြင့်ဆွေ၊တို့လို စာပေသုတေသီ တွေ မရှိတော့တဲ့ နောက်ပိုင်းမှာ လောက်လောက်လား စာပေသုတေသီတွေ မပေါ်ထွက်လာတော့ပါ။

ဒါကြောင့် စာပေသမိုင်းတခုကို နောက်ကြောင်းပြန် သမိုင်းကြောင်းကောက်ဖို့ဆိုရင် ဘဲဥ အစရှာမရသလိုမျိုး အတော့်ကို ခေါင်းခဲ စေပါတယ်၊ ဒီလိုမျိုးစာပေ သမိုင်းသုတေသန လုပ်တဲ့အလုပ်မျိုးဟာ ဖြစ်နိုင်မယ်ဆိုရင် ဝါသနာတူရာ အစုအဖွဲ့အလိုက် တယောက်ကိုတာဝန် တခုစီယူပြီးတော့ လုပ်ကြတာ ပိုကောင်းပါတယ်၊ တယောက်ထဲ လုပ်တဲ့အခါ ပညာရှင်မဟုတ်ရင် ၊ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင့်နဲ့ ရှေ့မညီနောက်မညီ ဖြစ်နေတတ်ပါတယ်။

အခု ကျနော်ပြောမယ့် ဗမာ့အောစာပေ သမိုင်းကြောင်းကလည်း ထိုနည်း၎င်းပါပဲ၊ ပညာရှင်မဟုတ်တဲ့အတွက် ရှေ့နောက် မညီမညာတွေ ဖြစ်နေနိုင်ပါတယ်၊ ဒါကြောင့် မညီမညာတွေ ပါရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်၊ ဒီနေရာမှာ နောက်ထပ် တခု မေးခွန်း ထုတ်စရာရှိတာက အပြာစာပေဆိုတာ ဘာလဲ? ဆိုတာပါပဲ၊ လိင်စိတ်ကို နိုးကြားမူဖြစ်စေတဲ့ စာမှေန်သမျှ အပြာစာပေလို့ သတ်မှတ်မယ်ဆိုရင် ဗမာစာပေမှာ နိုဗယ်လို့ သတ်မှတ်ထားတဲ့ ဝတ္တုအတော်များများက အပြာစာပေတွေကြီးပါပဲ။

ဥပမာ သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထဲက မမြမှီနဲ့တင်ထွန်းတို့ ရထားပေါ်မှာ လုံးတဲ့ အခန်းမျိုး၊ နတ်နွယ်ရဲ့ တံခွန်တိုင်မောင်နှမ မျိုးထဲကလို အခန်းမျိုး၊သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီးထဲကလို အခန်းမျိုး၊ ဒဂုန်တာရာ ရဲ့ မေဝတ္တုထဲက ကိုဘသိန်းနဲ့ မေ တို လုံးကြတဲ့အခန်းမျိူး၊ ကြည်အေး မောင်ကိုကိုနဲ့ မြနန္ဒာထဲကလို အခန်းမျိုးတွေက လိင်စိတ်ကို ပေါ်တင်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တနည်းနည်းနဲ့ လှုံဆော်ပေးခဲ့တာချည်းပဲမဟုတ်လား။

ဒီတော့ အပြာစာပေဆိုတာလိင်ဆက်ဆံခန်းများကို တစ်တစ်ခွခွ ရေးသားပြထားတဲ့ စာပေမျိုးကိုမှ အပြာစာပေအဖြစ် သတ်မှတ်ပါသလား ? စသဖြင့် အပြာစာပေ နဲ့ပတ်သတ်ပြီးတော့ ဆက်စပ်မေးခွန်းထုတ်စရာ စဉ်းစားစရာတွေ အများကြီးရှိပါသေးတယ်။

တမြန်နှစ်က နှင်းဆီဖြူ အစ်ရှူးဝမ်း ထုတ်တုန်းကလည်း လွန်းဆက်နိုးမြတ်ရဲ့ ကျောင်းဘင်ခရာတီးဝိုင်းကို အပြာစာပေ ပါဆိုပြီး ဝိုင်းကလော်ခဲ့ကြသေးပါတယ်၊ ဒါက ဘာလဲ၊ တစ်တစ်ခွခွ ရေးထားလို့အပြာစာပေ၊ ညစ်ညမ်းကဗျာ ပါဆိုပြီး သတ်မှတ်တာလား ? မင်းနဲ့ငါ အတူတူအိပ်ချင်တယ် ဆိုတဲ့အရေးအသား၊ မင်းနဲ့ငါ အတူတူ လိုးချင်တယ်ဆိုတဲ့ အရေးအသား၊ နှစ်ခုမှာ လားရာ ပန်းတိုင်ကတော့ တခုထဲပဲ မဟုတ်လား၊ အိပ်ချင်တယ်လို့ပြောတဲ့ လူ့အဖွဲ့အစည်းနဲ့ လိုးချင်တယ်လို့ ပြောတဲ့လူ့အဖွဲ့အစည်း၊ ဒီနှစ်ခုရဲ့ခြားနားမူ ပမာဏအတိမ်အနက်ကိုပဲ ကျနော်တို့က တိုင်းတာရမှာမဟုတ်လား။

ဘာလို့ လူမူဆက်ဆံရေးကြားခံဘာသာစကားကို လိုက်ပြီးတော့ အချိန်ကုန်ခံရှင်းပြနေမှာလဲ၊လိုအပ်သလောက် သုံးစွဲပြီးဖြစ်တဲ့ မတ္တဖာ တခုစီရဲ့ အကျယ်အဝန်းနဲ့ အလျားအနံတွေကို နေရာတကာမှာ လိုက်ပြီးသုံးနေ၊ရှင်းပြနေရအောင် ကျနော်တို့အားလုံးက စောက်ရူးမဟုတ်ဘူးလေ၊ စောက်ရူး လူ့အဖွဲ့အစည်းက သက်သက် ရှိနေပြီးသားပဲ။

ထားတော့၊ဒီအကြောင်းကို သက်သက်ရေးပါ့မယ်။

............................................................................

အခန်း ( ၂ )

ဗမာစာပေ လောကထဲကို အပြာစာပေတွေ ဘယ်တုန်းက စတင်ဝင်ရောက်ခဲ့သလဲဆိုတာကို လိုက်ရှာကြည့်မိတဲ့အခါ ဒုတိယကမ္ဘာစစ်မဖြစ်ပြီ တုန်းကထဲက ဆိုတာကို သွားတွေ့ရပါတယ်၊ ဗမာစာပေလောကမှာ စာရေးဆရာအများအပြား ဆယ်စုနှစ်တခု ကာလထဲမှာ တပြုံတခေါင်းထဲ ပေါ်ထွက်လာတဲ့ အချိန်က နှစ်ခုပဲရှိတယ်။

တခုကတော့ ၁၉၃၀ ကျော်ကာလဖြစ်ပြီး၊ကျန်တခုကတော့ ၁၉၅၀ ကျော်ကာလပဲဖြစ်ပါတယ်၊ ဗမာ့ ကာလပေါ် စာပေ သမိုင်းကြောင်းဟာ ၁၉၂၀ လောက်အထိ မတည်ငြိမ်သေးပါဘူး၊ ၁၉၂၀ နောက်ပိုင်းမှာရောက်မှသာ တစ တစ တည်ငြိမ်သွားပါတယ်။

ဒီလိုနဲ့ ၁၉၃၀ ကျော်ရောက်တဲ့အခါမှာတော့ စာရေးဆရာတွေလည်း ဇေယျ၊ရန်အောင်၊ဉာဏ၊သိပ္ပံကျော်ထင်၊သိန်းဖေမြင့်၊မေမြို့မောင်၊မြို့မအုန်း၊သင်္ခါ၊မဟာဆွေဂျာနယ်ကျော်ဦးချစ်မောင်၊မြမျိုးလွင်စသဖြင့် အများကြီးပေါ်ပေါက်လာပါတယ်။

ဒီလိုမျိုးပေါ်ပေါက်လာတဲ့ စာရေးဆရာတွေထဲမှာမှ တချို့စာရေးဆရာများဟာ တဖက်ကနေ ဝတ္တုကောင်းများကိုရေးသလို၊ တဖက်ကနေလည်း အပြာဝတ္တုများကို ရေးလေ့ရှိပါတယ်၊ စီးပွားရေးအခြေအနေ အရ ရေးသားရတယ်လို့တော့ ဆိုကြပါတယ်။

၁၉၃၀ ကျော်ကာလမှာ စာပေအရွေ့တခု ပေါ်ပေါက်လာပါတယ်၊ အဲ့ဒါကတော့ တမူးတန် ဝတ္တုခေတ်ပါ၊ အဲ့ဒီဝတ္တုခေတ်မှာ မဟာဆွေ၊ရန်အောင်၊သင်္ခါနဲ့ အချို့စာရေးဆရာများက အပြာဝတ္တုများကို နာမည်မခံပဲရေးကြတယ်လို့ သိရဖူးပါတယ်၊(စာရေးဆရာကြီးများအား သိက္ခာကျစေရန် မရည်ရွယ်ပါ) ။

Pornography နဲ့ပတ်သတ်ပြီး ဗမာစာပေ လောကမှာ မတွင်ကျယ်သေးတဲ့ကာလ တခုမို့လို့ နာမည်ရစာရေးဆရာကြီးများဟာ ကလောင်အမည်ခွဲများ၊ ကလောင်အမည်မခံမူမျိုးများနဲ့ အပြာစာအုပ်များကိုရေးသားကြပါတယ်၊ ဒါ့အပြင် Pornographer ဆိုပြီးတော့လည်း တွင်ကျယ်မူမရှိသေးတော့ နာမည်ကြီးစာအုပ်တိုက်များကပဲ ပုံနှိပ်ထုတ်ဝေရေးလိပ်စာများကို ဖျောက်ကာ ရေးသားထုတ်ဝေကြပါတယ်။

............................................................................

အခန်း ( ၃ )

ကျနော် တွေ့ဖူးတဲ့ အစောဆုံး အပြာစာအုပ်ဟာဆိုရင် ၁၉၃၆ မှာ လောက်ထုတ်ဝေတာပဲ ဖြစ်ပါတယ်၊ ၁၉၃၆ ဆိုတာ စာလုံးဖေါင့်များနဲ့ မျက်နှာဖုံးပန်းချီဒိဇိုင်းများကို ကြည့်ပြီး ခန့်မှန်းပြောဆိုတာပါ၊ အပြာစာအုပ်များရဲ့ထုံစံအတိုင်း စာပြီးနှစ်၊ထုတ်ဝေနှစ်၊မာတိကာ ဘာညာ တခုမှ မပါပါဘူး၊ ကိုယ့်ဖာသာကိုယ် စိတ်မှန်းနဲ့ဆုံးဖြတ်လိုက်တဲ့ အဖြေတခုပါ။

အဲ့ဒီ အပြာစာအုပ်မှာဆိုရင် ယောင်္ကျားမိန်းမ လိင်ဆက်ဆံခါနီး အစပျိုးခန်းရောက်တိုင်း နိုင်ငံခြားအမျိုးသမီး တဦးရဲ့ အဝတ်မပါ ကိုယ်ဗမာ ပုံတပုံကို စာရွက်ကြားမှာ ညှပ်ထည့်ပေးထားပါတယ်၊ ညှပ်ပေးထားတယ်ဆိုတာ စာအုပ်ထုတ်ဝေကထဲက ကပ်ကြေးနဲ့ စိတ်ရှည်လက်ရှည် ညှပ်ပြီးတော့ စာဖတ်သူတွေရဲ့ ကာမစိတ်ကို နိုးကြားအောင် လုပ်ပေးထားတဲ့ သဘောတူပါတယ်၊ အတော့်ကို ခေတ်မီ တဲ့ အကြံဉာဏ်ပါပဲ။

စာဖတ်သူဟာ ဖတ်ရင်းနဲ့ လိင်စိတ်ထကြွလာရင် ပုံကိုကြည့်ပြီး အာသာဖြေလို့ရတဲ့ အဆင့်အထိကို လုပ်ပေးထားတာဆိုတော့ဒီပုံကို စာအုပ်ကြားမှာညှပ်ပြီး ရောင်းစားရမယ့်လို့ ယူဆထည့်သွင်းပြတဲ့သူဟာ ဆန်းသစ်တဲ့ အတွေးအခေါ်တခုရှိတဲ့လူပါပဲ၊ ချီးကျူးစရာပါပဲ။

၁၉၃၆ခုနှစ်လောက်မှာ ဘယ်သူ့မှ မလုပ်နိုင်တဲ့ အလုပ်တခုကို ပထမဆုံးစလုပ်တဲ့ အတွက် ဒီပုဂ္ဂိုလ်ဟာစွန့်ဦးတီထွင်စိတ်ရှိလိုသူပဲဖြစ်ရပါမယ်။

စစ်ကြိုခေတ် ညစ်ညမ်းစာပေများလှိူင်လှိူင်ထွက်ပေါ်ရာ ကာလကတော့ တမူးတန်ဝတ္တုခေတ်ပဲ ဖြစ်ပါတယ်၊ စစ်ကြိုခေတ် ဗမာစာပေလောကမှာ အရွေ့နှစ်ခုရှိပါတယ်၊ ပထမတခုကတော့ တမတ်တန်ဝတ္တုခေတ်ပါပဲ၊ တမတ်တန် ဝတ္တုခေတ်က ဗမာ့ပြာဇာတ် စာအုပ်ငယ်လေးများ နိဂုံးချုပ်သွားသည့်ကာလဖြစ်သော ၁၉၂၅ လောက်က စပြီး ၁၉၃၅ ခုနှစ်ဝန်းကျင်လောက်ထိပဲ ဖြစ်ပါတယ်။

တမူးတန်ဝတ္တုခေတ်ကတော့ ၁၉၃၅ လောက်ကနေ စစ်ဖြစ်စအချိန်လောက်အထိပါပဲ၊ တမတ်တန်ဝတ္တုခေတ်ကိုစတင်တဲ့ စာအုပ်တိုက်ကတော့ ရွှေလိပ်ပြာ စာအုပ်တိုက်ပဲ ဖြစ်ပါတယ်၊ တမူးတန်ဝတ္တုကိုစတင်တဲ့ စာအုပ်တိုက်ကတော့ ရွှင်ပျော်ပျော်စာအုပ်တိုက်ပဲ ဖြစ်ပါတယ်၊ တမူးတန်ဝတ္တုခေတ်စတင်လာတော့ တက်ထွန်း၊ရန်အောင်၊ရဲထွတ်၊မင်းဆွေ၊သခါၤ၊တို့ရဲ့ စာအုပ်တွေ အတော်များများ ထွက်နေပါပြီ။

စစ်ပြီးခေတ် နာမည်ကြီးစာရေးဆရာ တင့်တယ်တောင် ရွှင်ပျော်ပျော်ခေတ်မှာ စာအုပ်ထွက်ခဲ့ဖူးပါတယ်၊ကျနော်တွေ့ဖူးတဲ့ အပြာစာအုပ်က တမူးတန်ဝတ္တုခေတ်လောက်မှာ ပေါ်လာတဲ့ဝတ္တုပါ၊ တမတ်တန်ခေတ်မှာ ပေါ်ထွက်လာတဲ့ စာအုပ်မဟုတ်ပါ။

တမတ်တန်ခေတ်ကို ဦးဆောင်ခဲ့တဲ့ စာရေးဆရာကတော့ မန္တလေးက စာရေးဆရာကြီး မြမျိုးလွင်ပဲ ဖြစ်ပါတယ်၊ ဒီအကြောင်းများနဲ့ပတ်သတ်ပြီး ကျနော်ရေးခဲ့ပြီးဖြစ်သော ဗမာ့ အပျော်ဖတ်စာအုပ်လောက သမိုင်းကြောင်းမှာ အပြည့်အစုံဖတ်ရှူနိုင်ပါတယ်။

...............................................................................

အခန်း ( ၄ )

ဒုတိယ အပြာစာပေခေတ်ကတော့ စစ်ပြီးခေတ် ၁၉၅၀ ကျော်ကာလပါပဲ၊ ဗမာစာပေသမိုင်းတလျှောက်မှာ အဲ့ဒီကာလလောက် အပြာစာပေ ပေါပေါများများထွက်ခဲ့တာ ကျနော်မမြင်ဖူးပါ၊ ကြုံဖူးတယ်လို့ပြောတာ မဟုတ်ပါ၊ ပြောရအောင်လည်းကျနော်က၁၉၅၀ ကျော်ကာလမှာ ဘယ်ချောင်ရောက်နေမှန်းတောင် မသိပါ၊ ဗမာစာပေသမိုင်းကို ကြည့်ပြီးပြန်လည်ခန့်မှန်းမြင်ယောင်မိတဲ့သဘောပါ။

အဲ့ဒီကာလမှာ အစိုးရကလည်း သူ့ ဝဲတွေနဲ့သူ ကုတ်လို့တောင်မနိုင်ဖြစ်နေသေးတော့ စာပေထုတ်ဝေရေးဘက်ကိုပြန်လှည့်မကြည့်နိုင်ပါ၊ ဒါကြောင့်မို့ တူပါတယ်၊စစ်ပြီးခေတ်မှာအပြာစာအုပ်တွေ တရားဝင်ကိုထွက်လာပါတယ်။

စစ်ကြိုခေတ်တုန်းက ကလောင်အမည်မခံ၊ ကလောင် အမည်မပါ၊ပုံနှိပ်မာတိကာမပါတာတွေ မရှိတော့ပါဘူး၊ ကလောင်အမည်နဲ့ ပုံနှိပ်မာတိကာတော့ ပါ လာပါတယ်၊ များသောအားဖြင့်တော့ ကလောင်အမည်ဝှက်တွေကြီးပါပဲ၊ မောင်ကကြီး၊ ရဲနိူင်၊မြို့မအုန်းကြည်၊နန်းငွေ့၊ဆိုတဲ့ ကလောင်အမည်ဝှက်တွေရဲ့ လက်ရာများကတော့ စစ်ပြီးခေတ် အပြာစာပေလောကမှာ နာမည်ကြီးပါပဲ၊ မောင်ကကြီးကတော့ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုရဲ့ကလောင်ခွဲလို့ တချို့တွေက ဆိုပါတယ်။

ဒီးဒုတ်ဦးဘချိုရဲ့ ကလောင်အမည်ကွဲတွေထဲမှာ မောင်ကကြီးဆိုတဲ့ ကလောင်အမည်ပါနေလို့ ဒီလိုမျိုးဆိုလေရော့သလားမပြောတတ်ပါ၊ ကျနော်ကတော့ ဒီးဒုတ်ဦးဘချိုလိုမထင်ပါ၊ ဒီးဒုတ်ဦးဘချို အကြောင်းကို သခါင်္ရေးတဲ့ အတ္တုပ္ပတ္တိထဲဖတ်ကြည့်တော့ ဆရာဟာ အလွန်အလုပ်များတဲ့ပုဂ္ဂိုလ်တဦးပါ။

ဒါ့အပြင် စီးပွားရေး အခြေအနေအရလည်း အပြာစာအုပ်ရေးပြီး ထမင်းစားရလောက်တဲ့ အထိ မကြပ်တည်းခဲ့ပါ၊ ဒါကြောင့်သာပဲ ဦးဘချို မဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ယုံကြည်ထားလျက်ပါ၊ ရဲနိုင်နဲ့ မြို့မအုန်းကြည်ဆိုတာကလည်း ကလောင်အမည်ဝှက်ပါပဲ၊ တရားဝင် လူသိရှင်ကြား ကလောင်နဲ့ မည်သူမျှ အပြာစာပေမရေးသားကြပါ။

များသောအားဖြင့် စစ်ပြီးခေတ် အပြာစာအုပ်များဟာမျက်နှာဖုံးများနဲ့ စာအုပ်နာမည်ကိုကြည့်လိုက်တာနဲ့ အပြာစာအုပ်လား၊ ရိုးရိုးအချစ်ဝတ္တုလားဆိုတာ သိရလောက်အောင် ထူးခြားလှပါတယ်၊ အပြာစာအုပ်ရဲ့မျက်နှာဖုံးများက တခြားဝတ္တုမျက်နှာဖုံးများနဲ့ မတူလှပါ၊ မျက်နှာဖုံးပုံများဟာ များသောအားဖြင့် မိန်းကလေးများ မလုံတလုံ ဟိုပေါ်သည်ပေါ် ပုံများသာဖြစ်ပါတယ်။

စာအုပ်နာမည်များကလည်း ကြည့်လိုက်တာနဲ့ အတွင်းကို လှန်ဖတ်ချင်စိတ်ဖြစ်တဲ့အထိ မရိုးမရွဖြစ်အောင်နာမည်များပေးထားပါတယ်၊ ဥပမာ၊ မိန်းကလေးများမဖတ်ရ၊ အချစ်ဥပဒေသ၊ ရာဂဗွက်အိုင်၊ကာမနွံ၊ စသဖြင့်တွေပဲဖြစ်ပါတယ်။

စစ်ပြီးခေတ် အပြာစာပေစာအုပ်များကို ထုတ်ဝေတဲ့တိုက်များကတော့ ဇွဲစာပေရိပ်မြုံနဲ့ ၁၉၆၀ ကျော်လောက်မှာ တခေတ်ဆန်းလာတဲ့ ပြားခြောက်ဆယ်တန်စာအုပ်များကို ထုတ်ဝေတဲ့ စာအုပ်တိုက်များပဲဖြစ်ပါတယ်၊ပြားခြောက်ဆယ်တန်ခေတ်မှာ အပြာစာပေများအပြင် စုန်းသရဲတစ္ဆေ၊ဒိုင်းညှောင့်ဝတ္တုများပါ အများအပြား ပေါ်ထွက်လာပါသေးတယ်။

..........................................................................................

အခန်း ( ၅ )

၂၀ ရာစု ဗမာစာပေလောကရဲ့ နောက်ဆုံးသော အပြာစာပေ အရွေ့ကတော့ နေဝင်းရဲ့ တော်လှန်ရေးကောင်စီလက်ထက်ပဲဖြစ်တယ်၊ ၁၉၇၀ ခုနှစ်များနောက်ပိုင်းပါ၊ ၁၉၇၀ ပတ်ချာလည်ကာလဟာ ဗမာစာပေ လောကမှာ အတော့်ကိုစိတ်ဝင်စားစရာကောင်းတဲ့လောကပါ၊ ဘာလို့ဆို ၁၉၇၀ ဝန်းကျင်ကာလ ဟာ သိုင်းစာအုပ်၊ကာတွန်းရုပ်ပြ၊ကဗျာ၊ပန်းချီနဲ့ဘာသာပြန်စာအုပ်များ စတင်ထွန်းကာရာ စီးဆင်းရာ ကာလတခုပဲဖြစ်ပါတယ်.

ဗမာစာပေလောကထဲကို သိုင်းစာအုပ်များစတင်ရောက်လာတဲ့ အချိန်တခုဆီကို သွားကြည့်လိုက်တော့ ၁၉၇၀ ဝန်းကျင်ဖြစ်နေပါတယ်၊ ဒီလိုပဲ ခေတ်ပေါ်ကဗျာ အရွေ့စတင်ရာ ကာလတခုကလည်း အဲ့ဒီ ကာလပါပဲ၊ ကာတွန်းရုပ်ပြများ စတင်ရာအချိန်ကလည်း ယင်းအချိန်ပါပဲ။

ဗမာ့ခေတ်သစ်ပန်းချီအရွေ့ကလည်း ၁၉၇၀ ဝန်းကျင်မှာ ပေါ်ထွက်လာတာပါပဲ၊ ၎င်းအရွေ့များပေါ်ထွက်လာသလို အများအခေါ်ညစ်ညမ်းစာပေ၊ အရပ်အခေါ် အပြာစာပေ အရွေ့သည်လည်းပဲ ၁၉၇၀ ဝန်းကျင်မှာပဲစတင်ပါတယ်။

ကျနော်နာမည်များတော့ ထုတ်မပြောချင်တော့ပါ၊ ဘာလို့ဆို ယနေ့တိုင် အဲ့ဒီကာလမှာ အပြာစာပေတွေရေးသားထုတ်ဝေခဲ့သူများက သက်ရှိထင်ရှားရှိနေကြသေးလို့ပါ၊ တချို့ဆို လူအတော်များများက လက်အုပ်ချီ ကာ နေရတဲ့ နယ်ပယ်တခုဆီ ရောက်နေပါပြီ။

ဒါကြောင့် နာမည်ဖွင့်ပြောလိုက်ရင် အဂါဝရဖြစ်သွားမှာစိုးလို့ပါ၊ ဒါကြောင့် ဒီအပိုင်းမှာတော့ ဒီလောက်ပဲ ပြောပါရစေတော့၊ ယခု ရေးခဲ့ပြီးဖြစ်တဲ့ဗမာ့ ပိုနိုဂရပ်ဖီ သမိုင်းကို နောက်ကျရင်တော့ စာတန်းသဘောမျိုးဖြစ်အောင် အချိန်ယူပြီး ပြုစုပါအုံးမယ်၊ အခုကတော့ပျင်းပျင်းရှိတာနဲ့ ခဗျားတို့လည်းအပျင်းပြေ ဖတ်လို့ရအောင် ရမ်းသမ်းမှန်းသမ်းရေးလိုက်ရတာပါပဲ၊ အားလုံး ကိုရိုနာဘေးမှ ကင်းဝေးကြပါစေခဗျား ။

ကွိုင်

၁ နာရီ သုံးဆယ်မိနစ်

အေဒီ ၂၀၂၀/ဧပြီဆယ့်ရှစ်

စနေနေ့၊

..................................................................................................................................................

နမူနာ စာအုပ်ဖုံးတချို ့









Print Friendly and PDF

No comments:

Post a Comment